လက်ပံတန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

လက်ပံတန်း  မတ် ၁၉

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ကျွန်းကလေးအုပ်စုတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးရဲဝင်းနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က လူစည်ကားရာ နေရာများတွင် အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဝေငှ၍ လိုက်လံပြီး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။

"ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်လို့ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို လူအများ သိရှိနားလည်နိုင်ဖို့ လှုပ်ရှားမှု အသွင်ဖြင့် လိုက်လံ ဆောင်ရွက် ရတာပါ" ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဦးရဲဝင်းက ပြောသည်။

ရောဂါကူးစက်မှု မဖြစ်စေရန် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း နှာချေခြင်းစသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကျဉ်ရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လုံခြုံအောင် နှာခေါင်းစည်း လက်ကိုင်ပုဝါဖြင့် အသုံးပြုရန်၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် စနစ်တကျလက်ဆေးခြင်းတို့ဖြင့် ရောဂါကူးစက်မှု မရှိစေရန် ဂရုပြုလိုက်နာကြရန် ဆရာဝန်ကြီးနှင့် မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့များက လူစည်ကားရာ စည်ပင် သာယာစျေး၊ ကားဂိတ်၊နှင့် စားသောက်ဆိုင်များတွင် အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)