ရှမ်းရွာသစ်မြို့၊ ကွီးလော်ဖလိုးကျေးရွာတွင် Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်၊ စက်တင်ဘာ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စုတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းမြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၀၀) ချထားပေးပြီး မိမိတို့ကျေးရွာတွင် လိုအပ်သောလမ်းခင်းခြင်း၊ ရေနှုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ယခုနှစ်ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီ အစဉ်တစ်ရပ်ဖြစ်ပြီး ဝင်ငွေနည်းကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ခြင်းဝင်ငွေရရှိကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းတွင် လမ်းအရှည် (၂၂၀၀၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၉) လက်မရှိသော မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလျှက်ရှိပြီး  ယခင်ကထက်ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြကြောင်းကို ကျေးရွာအုပ်စုစာရေးထံမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)