မုဒုံမြို့၌ မြန်မာအမျိုးသမီးများနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မုဒုံ ဇွန် ၁၇

၂၀၂၂ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြန်မာအမျိုးသမီးများနေ့အကြောင်း သိကောင်းစရာအသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မုဒုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နုနုခိုင်က မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ဌာနကြီးခြောက်ခုနှင့် လုပ်ငန်းအဖွဲ့ခြောက်ဖွဲ့ အကြောင်းကိုလည်ကောင်း၊ အဖွဲ့ချုပ်၏ အဓိကရည်ရွယ်ချက်များကိုလည်ကောင်း၊ မုဒုံမြို့နယ်အတွင်း အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်ဋ္ဌေးရီက မြန်မာ နိုင်ငံတွင် ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေး ရာကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး ယင်းမှတဆင့် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား အမျိုးသမီးထုကြီးကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာ လွှမ်းခြုံအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းပြည်ပနှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏  ဦးဆောင် လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်  ဖွဲ့စည်းခဲ့ပါကြောင်းနှင့်  မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ရည်ရွယ်ချက် (၇)ရပ်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)