စစ်တွေ ဇွန် ၁၇
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် စပါးစိုက်ပျိုး နည်းစနစ်(၃)မျိုး သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရွာသစ်ကေ ကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနခွဲအနီး တောင်သူ ဦးမောင်ရွှေအောင်၏ လယ်မြေတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ကြည့်ရှုကြသည်။
ရှေးဦးစွာ စပါးစိုက်ပျိုးနည်းစနစ်(၃)မျိုးသရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က စပါးစိုက်ပျိုးနည်းစနစ်(၃)မျိုးဖြင့် စိုက်ပျိုးဆောင်ရွက်ခြင်းများအား ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အထွက်နှုန်းများနှင့် အကျိုးကျေးဇူး များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တောင်သူလယ်သမားများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စပါးခွံဖွဲပြာသဘာဝမြေဩဇာ ပြုလုပ်နည်းများ၊ စူပါဘိုကာရှီ မြေဆေွးပြု လုပ်နည်းများအား လက်တွေ့သရုပ်ပြနေမှုများ၊ ရခိုင်ပြည်နယ်အတွင်းစိုက်ပျိုးလျှက်ရှိသော စပါးသီးနှံ မျိုးကွဲများ ခင်းကျင်းပြသ ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက တောင်သူများ၏ သိရှိလိုသည်များကို ရှင်းလင်းဖြေကြား ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမည့် ပျိုးဗန်းများ ပျိုးထောင်ထားရှိမှု၊ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးမှု၊ ဘောင်ဖော်ကြေးခြင်းစနစ်ဖြင့် မျိုးစေ့ချ သရုပ်ပြသမှုတို့ကို လိုက်လံကြည့်ရှု အားပေးကြခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)