လေးမျက်နှာ ဇွန် ၁၇
သမီးနာမည်ကတော့ မသက်ဖူးလှိုင်ဖြစ်ပါတယ်၊ သမီးကတော့ အ.ထ.က-လေးမျက်နှာ ကျောင်းမှာ သိပ္ပံတွဲ အတွဲ-၇နဲ့ ပညာသင်ကြားနေပါတယ်၊ ဘာသာစုံဂုဏ်ထူးရတော့ သမီးအရမ်းဘဲ ဝမ်းသာဂုဏ်ယူမိပါတယ်၊ ငယ်ငယ်ထဲက သမီးကဆရာဝန်ဖြစ်ချင်ခဲ့တာကြောင့် ပန်းတိုင်ရောက်အောင် ဆက်လက် ကြိုးစားသွားမှာပါ၊ ဆေးတက္ကသိုလ်ဝင်နိုင်ဖို့ကိုလည်း ကြိုးစားသွားပါမယ်။
သမီးဘာသာစုံဂုဏ်ထူးရအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုရင် ငယ်ငယ်ထဲက ပုံမှန်စာကျက်၊ ပုံမှန်အနားယူပြီးတော့ ကျောင်းစာများကို အချိန်မှန်လုပ်ဆောင်ခဲ့ပါတယ်၊ ပြီးတော့ ကံ၊ ဉာဏ်၊ ဝီရိယနဲ့လည်း ဆိုင်တယ်လို့ထင်ပါတယ်၊ ဝီရိယထားပြီး ကျောင်းစာတွေကို လုပ်ပါတယ်၊ ဒါကြောင့် သမီးဉာဏ်ကောင်းလာပါတယ်၊ နောက်ကံကောင်းလာပါတယ်၊ ပြီးရင် ကျောင်းသား ဆိုတော့ ဖြစ်နိုင်ပါ့မလားဆိုပြီး တွေဝေခဲ့တာတွေရှိပါတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ မိဘတွေ ဆရာ ဆရာမတွေအားလုံးက သမီးလုပ်နိုင်မှာ၊ သမီးကိုယုံကြည်တယ် ဆိုပြီးတော့ စိတ်စွမ်းအားပေါ့နော် အဲ့လိုဝိုင်းဝန်းအားပေးခဲ့လို့လဲ အခုလိုရလဒ်ကောင်း ရရှိလာတာ ဖြစ်ပါတယ်၊ ဒါကြောင့်မလို့လဲ မိဘတွေ၊ ဆရာဆရာမတွေရဲ့ အားပေးထောက်ခံမှုကလဲ သမီးအတွက် အရမ်းကိုအရေးပါခဲ့ပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရလို့ အားလုံးက ဝမ်းသာဂုဏ်ယူနေကြမှာပါ၊ သမီးလည်းအရမ်းကို ပျော်ရွှင်ရပါတယ်။
သမီးဘာသာစုံဂုဏ်ထူးရဖို့အတွက် သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမအားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်၊ ငယ်ငယ်လေးထဲကစပြီး အခုအချိန်ထိ သင်ကြားပြသ ပေးခဲ့ကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ စက္ကန့်ပိုင်းလေးဖြစ်ဖြစ် သမီးကို သင်ကြားပြသပေးခဲ့တဲ့ ဆရာဆရာမ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်၊ ပြီးရင် သမီးတို့ ကျောင်းသား/ကျောင်းသူတွေအားလုံး စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် အဖက်ဖက်က ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ပေးခဲ့ကြတဲ့ မြို့နယ်တာဝန်ရှိ အကြီးအကဲများကိုလည်း ကျေးဇူးတင်ရှိပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ သမီးရဲ့ မိဘတွေ၊ ဆရာဆရာမတွေအားလုံး ရစေချင်တဲ့ ဘာသာစုံ ဂုဏ်ထူးကိုလည်း ရရှိခဲ့ပါတယ်၊ သမီးဝါသနာပါတဲ့ ဆရာဝန်ဖြစ်ဖို့လည်း အလှမ်းနီးလာပြီ ဖြစ်တာကြောင့် ရှေ့ဆက်ပြီးတော့လဲ ဆေးတက္ကသိုလ်တက်နိုင်အောင် ကြိုးစားသွားပါမယ်၊ ပြီးတော့လဲ သမီးရဲ့ကျောင်း၊ သမီးရဲ့မြို့နဲ့ နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် အားထားဂုဏ်ယူရတဲ့ မျိူးဆက်သစ် အမျိူးသမီးကောင်းတစ်ဦးဖြစ်အောင် ဆက်လက်ကြိုးစား သွားပါမယ်၊ နောင်လာမယ့် မောင်လေး ညီမလေးများကိုလည်း မိမိကျောင်း၊ မိမိမြို့၊ မိမိနိုင်ငံတော် အတွက် အားကိုးအားထားရတဲ့ မျိူးဆက်သစ် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုပါတယ်။
ကျော်ဟိန်း(ပြန်/ဆက်)