တာမွေ ဇွန် ၁၇
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်း အချိန်က မြို့နယ်ပညာရေးမှူးရုံးများနှင့် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် တစ်ပြိုင်တည်း ထုတ်ပြန်ကပ်ထားကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း ကျောင်းသား / သူ (၂၁၅) ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၄၀.၇၂) ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။
ထိုသို့ တာမွေမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် စာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၅၂၈) ဦးရှိရာ စာမေးပွဲဖြေဆိုအောင်မြင်သူ (၂၁၅) ဦးအထိရှိပြီး တစ်ဘာသာဂုဏ်ထူးရှင် (၄၃) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၂) ဦး ပေါ်ထွက်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၄၀.၇၂)ရာခိုင်နှုန်းအထိရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းသည်။
နိုင်လင်းအောင်(တာမွေ)