ကျောက်ဖြူ ဇွန် ၁၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ (အခမဲ့) သင်တန်းကို ဇွန်လ ပထမအပတ်မှစတင်ကာ ကျောက်ဖြူခရိုင် မူလတန်းကြို ကျောင်းခန်းမတွင် ဖွင့်လှစ်ပြသလျက်ရှိသည်။
ထိုသို့ဖွင့်လှစ်ပြသရာတွင် ရှေးဦးအရွယ်ကလေးသူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြုစုပျိုးထောင်ရေးဆိုင်ရာနည်းလမ်းများ မှန်ကန်မှု ရှိစေရန်၊ ဆရာ၊ ဆရာမများနှင့် ပြုစုစောင့်ရှောက်သူများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေရန်နှင့် ကလေးသူငယ်များ အတွက် (ECCD) နည်းစနစ် မှန်ကန်သော မူလတန်းကြိုကျောင်းများ ရာနှုန်းပြည့် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူးက ပြောသည်။
အဆိုပါသင်တန်းကို အစိုးရမူကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းမှ ဆရာ၊ ဆရာများ၊ အလယ်ပိုင်းရပ်ကွက်မူကြို၊ အမှတ်(၁၈)ရေတပ်မူကြို၊ မာန်အောင်မူကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ မိခင်ဝိုင်းခေါင်းဆောင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြုစုစောင့်ရှောက်ခြင်းကို စိတ်ပါဝင်စားသူများ တက်ရောက်သင်ယူလျက်ရှိပြိး သင်ကြားသည့် ဘာသာရပ်များမှာ ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ ဘာသာရပ်များနှင့် ကလေးသူငယ်ပြုစု စောင့်ရှောက်ခြင်း အခြေခံအုတ်မြစ်များ၊ ရှေးဦးပြုစုခြင်း၊ ကလေးစိတ်ပညာ၊ ကျန်းမာရေးနှင့် အာဟာရ စသည့်ဘာသာရပ်များကို ဇွန်လ (၇) ရက် နေ့မှ (၂၇) ရက်နေ့အထိ (၃)ပတ်ကြာ စာတွေ့လက်တွေ့ပို့ချလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း