ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇွန် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ် ကျေးရွာအုပ်စု၊ စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသခံကျေးလက်နေပြည်သူများ လူနေမှုဘဝမြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း လာရောက်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၍ မိမိအနေဖြင့် ဝမ်းသာပီတိဖြစ်ပါကြောင်းနှင့် သင်တန်းတွင် တက်ရောက်သင်ယူကြမည့် ဒေသခံပြည်သူများအနေဖြင့် မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရန် အထူးဂရုပြု လေ့လာသင်ယူကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မင်းဘူးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့်သင်ခန်းစာများ၊ သင်တန်းသားများ လိုက်နာရမည့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများက တက်ရောက်လာသည့်သင်တန်းသား၊ သင်တန်းသူများကို တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်လျှော်ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ ခေါင်းလျှော်/ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ အမွှေးဆီ၊ လက်ဆေးဆပ်ပြာရည်၊ Coffee Scrub၊ Food Scrub၊ ဆံသားအားဖြည့်ပေါင်းဆီ၊ ကော်ဖီနနွင်းဆပ်ပြာ၊ ဆန်ဆပ်ပြာ စသည့် လူသုံးကုန်ပစ္စည်းထုပ်လုပ်နည်း ဘာသာရပ်(၁၅)မျိုးကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး ဇွန် ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုသင်တန်းဖွင့်လှစ် သင်ကြားပေးသည့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )