ဒေးဒရဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအားလုံး Mask တပ်ဆင်ခြင်း မရှိပါက ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး မြို့နယ်အဆင့် အထောက်အကူပြုကော်မတီနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း နှင့် ပြည်တော်သာလမ်းထောင့်တို့တွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြား ချက်များနှင့်အညီ ဩဂုတ်လ (၃၀) ရက်နေ့မှ ယနေ့အထိ နေအိမ်ပြင်ပသို့ Mask တပ်ဆင်ခြင်း မရှိဘဲ ထွက်ခွာ သွားလာ နေသူ (၁၁၂) ဦးအား စည်းကမ်းလိုက်နာရန် ယခုဝယ် ယခုတပ်စနစ် ဆောင်ရွက်ခဲ့ပြီး Mask စနစ်တကျ တပ်ဆင် သွားလာကြစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရှိရသည်။
မြင့်မြင့်ခိုင် (ပြန်/ဆက်)