လူမှုရေးရာ၀န်ကြီး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှကြီးမှူး ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ရာမည ကုန်သွယ်မှု ဗဟိုဌာနတွင် ကျင်းပရာ မွန်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးမြတ်သွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား၌ လူမူရေးရာဝန်ကြီး ဦးမြတ်သွင်က အမှာစကား ပြောကြားရာတွင် “အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီအနေဖြင့် အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းများအတွက် ထိရောက် သင့်လျော်သော ဘတ်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းစျေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုး မြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံပေးခြင်း၊ စျေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနေကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုကြောင်း” စသည်​ဖြင့် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၈ ရက် နေ့​အထိ(တစ်လ)ကြာ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီထိ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိကြောင်း အစွမ်းကုန် ကြိုးစားလျက်ရှိပြီး ယခုဖွင့်လှစ်သော သင်တန်းသည် တတိယအကြိမ်မြောက် သင်တန်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်ထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)