ငွေဆောင် စက်တင်ဘာ ၇
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့အဝင်တွင် စစ်ဆေးရေး ဂိတ်ကို ယမန်နေ့နံနက် ၈ နာရီက စတင်ဖွင့်လှစ်ကာ ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့အတွင်းသို့ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာနေသော ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ သွားရောက်မည့် ခရီးစဉ်များ၊ ကိုယ်ရေးရာဇဝင်များ မှတ်တမ်းရယူခြင်း၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေ ထိုင်ကြရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်စေရန် ပြည်သူများ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ရေး၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးအတွက် ရပ်ကွက်/ကျေးရွာ များတွင် အသံချဲ့စက်များဖြင့် နှိုးဆော်အသိပညာပေးခြင်း၊ မြို့ဝင်မြို့ထွက်များနှင့် လူစည်ကားရာ နေရာများတွင်၌ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာစေရေး ရှောင်တခင် စစ်ဆေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)