ညောင်ဦးမြို့နယ်ရှိ နေကြာခင်းများတွင် စာကလေးငှက်နှင့်ကြက်တူရွေးငှက်များ ဝင်ရောက် စားသောက်ခြင်းများကြောင့် နေကြာစေ့အထွက်နှုန်းလျော့နည်း

ညောင်ဦး  ဇွန်  ၁၅

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်တွင် နေကြာစိုက်ပျိုးသည့်ကျေးရွာများဖြစ်သည့် လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ အထက်ညဉ့်ကျေးရွာအုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စုတို့ရှိ နေကြာခင်းများတွင် စာကလေးငှက်အုပ်များနှင့်ကြက်တူရွေးငှက်များ၏ ဝင်ရောက်စားသောက်မှု များကြောင့် နေကြာပွင့်ခူးဆွတ်ချိန် အစေ့ထွက်နှုန်းကျဆင်းလျက်ရှိကြောင်း အထက်ညဉ့်ကျေးရွာမှ နေကြာစိုက်တောင်သူ ဦးအေးကိုက ပြောကြားသည်။

နေကြာစေ့ကိုကြဲပက်စိုက်ပျိုးစဉ်က ဆီနေကြာစပ်မျိုးတစ်ထုပ်ကို ကျပ် ၂၀,၀၀၀ ပေးဝယ်ရပြီး နှဧကခန့် စိုက်ပျိုးနိုင်ကြောင်း၊ နေကြာပင်များအောင်မြင်ဖြစ်ထွန်းစအချိန်တွင် အလုပ်သမားတစ်ဦးလျှင်  တစ်နေကုန် ကျပ် ၃၀၀၀ နှုန်းဖြင့် ပေးချေရကြောင်း၊ နေကြာများ စတင်ပွင့်ချိန်မှစ၍ အထွက်နှုန်း ကောင်းမည့် အလားအလာရှိနေသော်လည်း နေကြာခင်းများအတွင်း စာကလေးငှက်အုပ်များ ဝင်ရောက်စားသောက်သည့်အတွက် နေကြစေ့အဆန်များ ပျက်စီးခဲ့ကြောင်း၊ ငှက်များကို ခြောက်လှန့်နိုင်ရန် စာခြောက်ရုပ်များပြုလုပ်သော်လည်း မရဘဲ နေကြာများ တဖြည်းဖြည်းရင့်လာချိန် ကြက်တူရွေးများပါ နေကြာခင်းများသို့ လာရောက်စားသောက်သည့်အတွက် နေကြာစေ့အထွက်နှုန်း လျော့နည်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

နေကြာပင်များကို တန်ခူးလတွင်စတင်ကြဲပက်စိုက်ပျိုးရပြီး ရက်ပေါင်း ၈၀ ကျော်မှသာ အစေ့ရင့်သည့်အတွက် နေကြာစေ့များခူးဆွတ်ရကြောင်း၊ ယခုနှစ်တွင် နေကြာခင်းများ အောင်မြင်ဖြစ်ထွန်းသော်လည်း စာကလေးငှက်အုပ်နှင့် ကြက်တူရွေးငှက်အုပ်များ ဝင်ရောက် စားသောက်မှုကြောင့် နေကြာမျိုးစေ့ ရရှိနိုင်ရန်ပင် ခက်ခဲလျက်ရှိကြောင်း ဦးဟန်သောင်းထံမှ သိရသည်။

ကိုကြေးမုံ