ကျောက်ဆည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ချယ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုသူများအနေဖြင့် စာပေချစ်မြတ်နိုးသည့် စိတ်များပေါ်ပေါက်လာ၍ အတွေးအမြင် ဗဟုသုတများ ကြွယ်ဝလာကာ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရပြီး ပြိုင်ပွဲအပြီးတွင် ကျောင်းသား/သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)