ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင် စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆိုင်ထိုင်စားသောက်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်နှင့် ထမင်းဆိုင်များအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စားသောက်ခွင့် ပြုတော့မည် မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း ညွှန်ကြားချက် အရ မြို့နယ်စည်ပင်သာယာရေးကော်မတီက ယနေ့နံနက်(၁၀)နာရီ အချိန်က ဒေါပုံ မြို့နယ်ရပ်ကွက်အတွင်း ကားဖြင့်လှည်လည့်အသိပေးနှိုးဆော်ကြေညာကြောင်းသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် (၁၀၀/ ၂၀၂၀) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ ပြည်သူများအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီး နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပျံနှံမှုကို ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် လူစုလူဝေးဖြစ်ပေါ်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရန်စားသောက် ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အသိပေးချက်အား စားသောက်ဆိုင်ပိုင်ရှင်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဒေါပုံမြို့နယ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့်ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံကြေညာပေးလျက်ရှိကြောင်းသိရသည်။
သဲစုစုလွင် (ပြန်/ဆက်)