ကျောက်ဆည် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် (၄) ခန်းတွဲ၊ (၄) ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ယမန်နေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်းအိမ်ရာအဆောက်အဦအား နိုင်ငံတော်မှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင်ခွင့်ပြုရန်ပုံ ငွေကျပ်(၂၀၀) သန်း၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၇၅ဒသမ၃၉၉)သန်း၊ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၃၇၅ ဒသမ ၃၉၉)သန်းဖြင့် နှိုင်းယှဉ်မေတ္တာကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများ (၁၀၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သောကြောင့် တာဝန်ရှိသူများမှ စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ အရည်အသွေးများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ ကျန်းမာရေးဝန်ထမ်းများအတွက် (၄) ခန်းတွဲ (၄) ထပ်ဆောင် အိမ်ရာဆောက်လုပ်ပြီးစီးပြီဖြစ်သောကြောင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် မိသားစုများနေထိုင်ရေးတွင် များစွာအဆင်ပြေတော့မည်ဖြစ်ကာ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)