စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း‌ကော်မတီ၏ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် သင်တန်းများ ဖွင့်လှစ် ပေးရခြင်းမှာ အရည်အသွေးရှိတဲ့ လုပ်သားကောင်းများ ရရှိစေရန်အတွက် လူငယ်များကို သင့်တော်သော အလုပ်အကိုင် ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာများ ထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အသက်မွေးမှုနှင့် ကျွမ်းကျင်မှု သင်တန်းများကိုလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး သင်ထောက်ကူပြု ပစ္စည်းများ ပြသထားမှုအား ကြည့်ရှုအားပေးကြောင်း သိရသည်။

အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ကကြီးမှူး၍ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ၅ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မုံရွာခရိုင်အတွင်းမှ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)