ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးခြင်းနှင့်အတူ EM ဘိုကာရှီသဘာ​ဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသရုပ်ပြ

ပေါင်းတည် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဗျက်ကြီးကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီမည့် အခြားစိုက်ပျိုးသီးနှံများ ကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ယူရီးယား ဓာတ်မြေသြဇာပေါင်းသတ်ဆေး စနစ်တကျသုံးစွဲရေး၊ သစ်ရွက်စိမ်းမြေသြဇာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ နေကြာ၊ မတ်ပဲ၊ မြေပဲ သီးထပ်သီးညှပ် စိုက်ပျိုးရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ယူရီးယားမြေဩဇာများ ဈေးကြီးနေချိန် တောင်သူဦးကြီးများအတွက် တစ်ဖက်တစ်လှမ်းမှ ကူညီသောအားဖြင့် ဗျက်ကြီးကျေးရွာတွင် EM ဘိုကာရှီသဘာ​ဝမြေဩဇာ ပြုလုပ်သုံးစွဲတတ်ရန် စိုက်ပျိုးရေးဌာနနှင့် ပူးပေါင်းသရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)