ကန့်ဘလူမျိုးသန့်ခြံ၌ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သီးနှံများစိုက်ပျိုး

ကန့်ဘလူ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူမျိုးသန့်ခြံ၌ ဒေသတွင်း တောင်သူလယ်သမားများအတွက် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီပြီး သီးနှံအရည်အသွေးကောင်းမွန်သော မျိုးသန့်မျိုးပွားမျိုးများကို ဖြန့်ဖြူးပေးနိုင်ရန် ပဲစင်းငုံ၊ နေကြာ သီးနှံများစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကန့်ဘလူမျိုးသန့်ခြံ ကွင်းအမှတ်(၁)၌ ပဲစင်းငုံ (မုံရွာရွှေဒင်္ဂါး) မျိုးစေ့ အဆင့်(RS) မျိုးသန့်မျိုးပွားအဆင့် ဧက ၃၀ စိုက်ပျိုးပြီးစီးပြီး၊ ဆီစားသုံးမှုဖူလုံစေရေးအတွက် နေကြာ (ဆင်းရွှေကြာ- ၂) ၈၅ ဧကစိုက်ပျိုးပြီးစီး၍ ၂၅ ဧက ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ကာ ကြားလိုက်၊ ပေါင်းရှင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါသီးနှံများကို ပြီးခဲ့သည့် မေလ ၁၆ ရက်က စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ထွက်ရှိလာသောသီးနှံမျိုးများကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများကိုဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒေသရေမြေရာသီဥတုနဲ့ကိုက်ညီပြီး တောင်သူတွေဝင်ငွေတိုးတက်ရရှိစေ ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို နှစ်စဉ်စိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးပေးလျက် ရှိပါတယ်၊ ဒါ့အပြင် အရည်အသွေးကောင်း သီးနှံမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မျိုးစေ့ အရည်အသွေးထိန်းသိမ်းခြင်း၊ နည်းပညာ ပေးသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ သရုပ်ပြပွဲတွေ ကျင်းပခြင်း၊ တောင်သူတွေအတွက် စီးပွားရေးတွက်ခြေကိုက်မယ့် သီးနှံတွေ ရှာဖွေဖော်ထုတ် ခြင်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မျိုးသန့်ခြံ ဦးစီးအရာရှိ ဦးခင်မောင်လင်းက ပြောပြသည်။

စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူမျိုးသန့်ခြံသည် ယာသီးနှံများကိုအဓိကထား မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသော ခြံဖြစ်ပြီး မျိုးသန့်မျိုးပွားမျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ သီးနှံများအောင်မြင်ဖြစ်ထွန်းကာ ဝင်ငွေတိုးတက် ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)