မြို့သစ်တွင် ကြက်သွန်နီစျေးကွက် အနည်းငယ် မြင့်တက်လာ

မြို့သစ် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကြက်သွန်နီကို ဒေသခံပြည်သူများ ရာသီမရွေး စားသုံးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် စိုက်ပျိုးရေးဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက် ရှိသည်။

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀)ကျပ် စျေးရောင်းချနေရပြီး စားသုံးသူများဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ကြက်သွန်နီထွက်ကုန်များ နည်းပါးလာပြီး ဈေးကွက်အတွင်းဝင်ရောက်မှု နည်းလာသည့်အတွက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

ကြက်သွန်နီစိုက်ပျိုးမှုနှင့် ပတ်သက်၍ ယခင်ကကြက်သွန်နီများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုကြက်သွန်နီစိုက်ပျိုးမှုကို လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်ခန့်မှ တောင်သူအချင်းချင်း ချိတ်ဆက်နည်းပညာရယူလေ့လာ၍ မြေအောက်ရေအသုံးပြုကာ ရာသီမရွေးစတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် နွေရာသီအတွက် ကြက်သွန်နီထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာမျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင်ကြက်သွန်နီစျေးတစ်ပိဿာ (၅၀၀/၁၀၀၀)ကျပ်စျေးအထိ စျေးကျဆင်းခဲ့ပြီး ယခုအခါကြက်သွန်နီစျေးများ (၂၀၀၀)ကျပ် စျေးရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ကြက်သွန်နီစိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)