ဖြူးမြို့နယ်အတွင်း ကျေးရွာမိုးစပါးစိုက် တောင်သူများထံသို့  စိုက်ပျိုးစရိတ်ချေးငွေများ သွားရောက်ထုတ်ချေး 

ဖြူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးနိုင်စေရန်အတွက် ရည်ရွယ်ကာ တောင်သူများအား ၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သာဓုကန်ကျေးရွာတွင်  တောင်သူများအား သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ဖြူးမြို့နယ်၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်မန်နေဂျာ ဒေါ်ညိုညိုသန်းနှင့် ဝန်ထမ်းများက သာဓုကန်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု(၇)အုပ်စုရှိ တောင်သူများ၏ မိုးစပါးစိုက်ပျိုးဧက (၁)ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် စိုက်ပျိုးဧက (၁၂၇၃)ဧကအတွက် ငွေကျပ်(၁၉၀၉.၅)သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုးစပါး စိုက်ပျိုးစရိတ်ချေးငွေမှာ နိုင်ငံတော်က တောင်သူများအဆင်ပြေစေရေးအတွက် အတိုးနှုန်း သက်သာစွာဖြင့် တစ်နှစ်လျှင် အတိုး(၅)ရာခိုင်နှုန်းသာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် အကျိုးရှိစွာအသုံးချပြီး သတ်မှတ်ထားသည့် ကာလအတွင်း ပြန်လည်ပေးသွင်းခြင်းဖြင့် ရေရှည်တောင်သူများ အကျိုးရှိစေမည်ဖြစ်ကြောင်းကို ဖြူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။

နေမျိုးလွင်