ရွှေကျင် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက စာရေးဆရာ မှိုင်း(ဆေး-၂)၏"ပြတင်းပေါက်ကကြည့်လိုက်ပါ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များနှင့် စာအုပ်၏အမှာစာကို ဖတ်ကြားပြီး (Book Club)အဖွဲ့ဝင် ဦးဇင်သူရိန်ဝင်းက စာအုပ်ခေါင်းစဉ်နှင့်ပတ်သက်၍ လည်ကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ထွေးကြည်က စာအုပ်တွင်ပါရှိသော ခေါင်းစဉ် များနှင့်ပတ်သက်၍ ခြုံငုံဆွေးနွေးခြင်း၊ စာပေဝါသနာရှင် ဦးရဲမင်းက စာအုပ်တွင်ပါရှိသော “စာဖတ်ခြင်းမှာ မွေ့လျော်သူများနှင့်သင်ခန်းစာအတွက် စံနမူနာ” အခန်းကိုလည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိစေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်