တောင်တွင်းကြီးမြို့တွင် မိုးရာသီကာလ ရေစီး၊ ရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်သရိုက်များ၊ နုန်းသဲများအားမြေတူးစက်ဖြင့် တူးဖော်ရှင်းလင်း

တောင်တွင်းကြီး ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေအိုး(၂)ရပ်ကွက်၊‌ မောင်းတိုင်(၁)ရပ်ကွက်၊ မောင်းတိုင်(၂)ရပ်ကွက်နှင့် ရွာ‌လေးကျေးရွာများအတွင်း စီးဆင်းလျက်ရှိသောအရှည်(၃၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အနက်(၅)ပေရှိ ရေနုတ်မြောင်းနှင့် ရေဆိုးထုတ်မြောင်းများအား မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော ရောဂါအန္တရာယ်ကင်းဝေးစေရန်အတွက် ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်သရိုက်များ၊ နှုန်းသဲများကို မြေတူးစက်ဖြင့် တူးဖော်ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနုတ်မြောင်းများအား မြေတူးစက်ဖြင့် တူး‌ဖော်ရှင်းလင်းခြင်းလုပ်ငန်းခွင်သို့ မြို့နယ်စည်ပင်သာယာရေး‌ကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦး‌မြလင်းနှင့် တာဝန်ရှိသူများ‌က ကွင်းဆင်းကြည့်ရူ့စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လုပ်ငန်းများအချိန်မီ ပြီးစီးရေး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"ကျွန်‌တော်တို့ တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ တောင်တွင်းကြီးမြို့ကို မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပစေဖို့၊ ရပ်ကွက်တွေအတွင်းမှာ အမှိုက်ကင်းစင်ဖို့အတွက် သန့်ရှင်းရေးဝန်ထမ်းတွေက နေ့စဉ် အမှိုက်သိမ်းယာဉ်တွေနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုဆိုရင် မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်လို့ မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရေနုတ်မြောင်းတွေနဲ့ တောင်တွင်းကြီး - မ‌ကွေးကားလမ်း၊ တောင်တွင်းကြီး - ပြည်သွား ကားလမ်း၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်း လမ်းဘေးဝဲယာက ရေနုတ်မြောင်းတွေမှာ ပိတ်ဆို့နေတဲ့ အမှိုက်သရိုက်တွေ၊ နုန်းသဲတွေကို မြို့တွင်း ရေကြီးရေလျှံမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ကြိုတင်ပြီးတော့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွေ  ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုရေမြောင်းကတော့ အရှည်(၃၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အနက်(၅)ပေ ဖြစ်ပါတယ်။  ရေနုတ်မြောင်းတွေကို ရေစီးရေလာကောင်းမွန်အောင် တူးဖော်ဆယ်ယူရှင်းလင်း ဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီမှာ ကြုံတွေ့ရတဲ့ ရေကြီးရေလျှံမှုအန္တရာယ်၊ လေထုညစ်ညမ်းမှုအန္တရာယ်နဲ့  ခြင်ကြောင့်ဖြစ်ပွားတက်တဲ့ ကျန်းမာရေးဆိုးကျိုးများ  ကင်းဝေးစေမှာဖြစ်ပါတယ်" ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးမြလင်းက ပြောသည်။

မြို့နယ် (ပြန်/ဆက်)