တမူးမြို့တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

တမူး ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ(၁၃)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့မအုပ်စုရှိ တောင်သူ ဦးတင်ဆိုင်၏ ကွင်းအမှတ်၂၅၅/A ဦးပိုင်အမှတ်(၄၈) လယ်မြေ(၅)ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦး၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးမျိုးနိုင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကြီးကြပ်မှုကော်မတီများ၊ တောင်သူများ တက်ရောက်ကြပြီး မြို့နယ်ဦးစီးဌာနမှူး ဦးဆန်းဦးမှ သစ်စိမ်းမြေသြဇာသည် မြေဆီလွှာအတွင်း အာဟာရဓာတ် ဖွံ့ဖြိုးထက်သန်စေပြီး မြေဆီလွှာတိုက်စားမှုမရှိဘဲ အစိုဓာတ်ကိုကြာရှည်စွာ ထိန်းသိမ်းနိုင်ကြောင်း၊ မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းပြီး မြေတွင်းအာဟာရဓာတ်ကြွယ်ဝစေကာ သီးနှံအထွက်နှုန်းကိုတိုးတက်​စေ၍ ဓာတ်မြေသြဇာသုံးစွဲမှုကိုလျှော့ချပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော်ကို အစားထိုးသုံးစွဲစိုက်ပျိုးရေးတို့အတွက် ကွင်းသရုပ်​ပြပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်တောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုက်ဆံလျှော်ကို မြေချဉ်ကိန်း(၅-၈.၅)ရှိသော မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ပြီး နုံးမြေသည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည့် သဲဆန်သောဒေသများတွင်လည်း အခြားသီးနှံ စိုက်ပျိုးမရပါက ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ကြောင်း၊ အစေ့စိုက်ပြီး ၄၅ ရက်ကြာလျှင် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပြီး မိုးသီးနှံဆို ထယ်မှောက်ပြီး ၁၅ ရက်၊ ဆောင်းသီးနှံဆို ထယ်မှောက်ပြီး ၁လနေလျှင် ထွန်မွှေပြီး သီးနှံစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းဟာ မြေဆီလွှာအတွင်းရှိ သီးနှံပင်များနှစ်သက်သော အာဟာရများတိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျော့နည်းစေခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းရန်အတွက်ပါ အသုံးဝင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေရရှိမှာဖြစ်ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးထံမှ  သိရသည်။

ရတနာ (ပြန်/ဆက်)