ပန်းတောင်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဧပြီလဆန်းမှ စတင်၍ ကမ်းပါးအမြင့်ပေ (၈၀) ရှိသော တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာရှိ ကိုင်းခုံများပေါ်တွင် ဧရာဝတီမြစ်ရေကို စက်ဖြင့်ရေတင်၍ ဧပြီလ (၁၁) ရက်နေ့မှ ဧပြီလ (၂၆) ရက်နေ့ထိ မိုးနေကြာမျိုးစေ့ ထုတ်စိုက်ခင်း (၂၄.၀၂) ဧကကို စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယခုဇွန်လ (၁၁) ရက်နေ့ထိ ရက် (၆၀) ရက်သားနှင့် (၄၅) ရက်သားသက်တမ်းရှိပြီး မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သင်္ကြန် ပိတ်ရက်များတွင် ရပ်နားခြင်းမရှိဘဲရေ အရင်းအမြစ်အသုံးချရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မှဝန်ထမ်းများ၊ ပဲကြီးအင်းတောင်သူများ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ (၆၀) ရက်သားရှိ မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများ ပန်းဖြိုင်ဖြိုင်ပွင့်နေပြီဖြစ်ကြောင်း သိရသည်။
ထိုမျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာမည့်နေကြာမျိုးစေ့များကို လာမည့်ဆောင်းသီးနှံများတွင် သီးညှပ်ထည့်၍လည်းကောင်း၊ သီးသန့်စိုက်ခြင်းဖြင့် လည်းကောင်း၊ မြို့နယ်၏ နေကြာလျာထား ဧက (၁၀၀၀) ဧက ပြည့်မီရေးကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသင်းထံမှ သိရသည်။
သင်းသင်း အေး(ပြန်/ဆက်)