ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆိတ်ချေးကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်

အိမ်မဲ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရာကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ တောင်သူဒေါ်သန်းထွေး၏လယ်ကွင်း -၃၅ ခ၊ ဦးပိုင်၆၉/၆ တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူ ဒေါ်သန်းထွေး၏ စိုက်ပျိုးမြေ (၁၈.၈၈)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကို စိုက်ပျိုးထားရှိကြောင်း၊ သစ်စိမ်းမြေသြဇာ တစ်ဧကစိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ အစိုတန် (၇)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၁.၃၈)အိတ်၊ တီစူပါ (၀.၁၉)အိတ်၊ ပိုတက် (၀.၇၂)အိတ်နှုန်းနှင့် ညီမျှကြောင်းကို ဝန်ကြီးချုပ်နှင့် တောင်သူများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများတို့မှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရေးကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို လယ်မြေအတွင်း ထည့်သွင်းစိုက်ပျိုးပါက တစ်ဧကကို သစ်စိမ်းမြေသြဇာမျိုးစေ့ ၄ ပြည် ကြဲပတ်ရပါတယ်။ စျေးနှုန်းကတော့ ၁ ပြည်ကို ၂၅၀၀ ကျပ်ပါ၊ ကြဲပတ်ပြီးလို့ (၄၅)ရက်ကြာရင် ထည်ထိုးမြေမြုပ်ပြီး မြေသြဇာအဖြင့် အသုံးပြုလို့ရပါပြီ။ တစ်ဧကကို သစ်စိမ်းမြေသြဇာ အစိုတန် (၇)တန် ထွက်ရှိပြီး ယူရီးယားဓာတ်မြေသြဇာ (၁.၃၈)အိတ်၊ တီစူပါ (၀.၁၉)အိတ်၊ ပိုတက် (၀.၇၂)အိတ်နှုန်းနှင့် ညီမျှပါတယ်။ အခုယူရီးယားဓာတ်မြေသြဇာက (၁)အိတ်ကို ၈၅၀၀၀ ကျပ်လောက် စျေးပေါက်ပါတယ်။ ပြောချင်တာကတော့ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးတဲ့အခါ မျိုးစေ့ဖိုး (၁၀၀၀၀)ကျပ်သာကျပြီး ယူရီးယား (၁)အိတ်ကျော်နဲ့ ညီမျှတာကြောင့် တောင်သူများကို သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်လို့” မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။

ချစ်သက်လယ်(ပြန်/ဆက်)