မုံရွာ ဇွန် ၁၂
ပြည်သူများ အားလပ်အချိန်များတွင် စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေနိုင်စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ချနိုင်စေရန်အတွက် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာ လှပရေးလုပ်ငန်းခွင်သို့ ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရေဝင်ဧရိယာလျော့နည်းလာသည့် ကန်သာယာအနောက်ဘက်ကန်အား အနက် - ၄ ပေ ထပ်မံတူးခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်ရန်အတွက် ကန်သာယာပတ်လမ်းအား အကျယ်ပေ ၃၀ ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုလုပ်ငန်းများ အချီန်မီပြီးစီးရေး၊ သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်စေရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန်သည် မူလကန်ရေပြင်အကျယ် - ၄၃.၅ ဧက၊ ကန်ပတ်လမ်းအကျယ် - ၁၄ ပေ၊ ရေအနက် - ၇ ပေ၊ ရေသိုလှောင်နိုင်မှု ပမဏ ဂါလံ - ၂.၁၂ သန်းဖြစ်ပြီး လုပ်ငန်းများအားလုံးပြီးစီးပါက ရေပြင်အကျယ်ဧရိယာ - ၃၅.၇၅ ဧက၊ ရေအနက် - ၁၁ ပေ၊ ကန်ပတ်လမ်းအကျယ် - ၄၄ ပေနှင့် ရေသိုလှောင်နိုင်မှု ပမဏ ဂါလံ - ၂.၇၄ သန်းရှိကာ ရေဂါလံ ခြောက်သိန်းနှစ်သောင်း ပိုမိုသိုလှောင်သွားနိုင်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှုရာခိုင်နုန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန်သာယာအရှေ့ဘက်ကန်ရှိ ကျွန်းများသန်ရှင်းသပ်ရပ်စေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့ရာပြည့်ဘုရားကျွန်းပတ်လည် - ၂၃၀၀ ပေ မြေထိန်းကျောက်ထုတ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရာပြည့်ဘုရား ရင်ပြင်တော် နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာများနှင့်ဝန်ထမ်းများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)