လေးမျက်နှာမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးပိုစတာစိုက်ထူ

လေးမျက်နှာ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ ဆောင်ပုဒ်ပါ အသိပညာပေးပိုစတာများကို ယနေ့နံနက်ပိုင်းက ကျွန်းဘောဓိ တံတားထိပ် မြေနုမြစ်ကျိူးအင်းဘေးတွင် စိုက်ထူခဲ့သည်။

ယခုကာလသည် ငါးရစ်ငါးသန်ကာလဖြစ်သောကြောင့် ငါးများမိတ်လိုက်ဥမှ သားပေါက်သည့် ရာသီချိန်ဖြစ်သဖြင့် လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းမပြုရန်၊  ဆေးချငါးဖမ်းခြင်းမပြုရန်၊ မိုင်းခွဲငါးဖမ်းခြင်းမပြုရန် တားမြစ်ချက်များပါဝင်ပြီး အဆိုပါတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်မိပါက ရေချိူငါးလုပ်ငန်း ဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ငဝန်မြစ်တွင်း ငါးရစ်ငါးသန်ကာလဖြစ်သော မေ၊ ဇွန်၊ ဇူလိုင်လများတွင် ငါးဖမ်းဆီးမှုများ မရှိစေရေးအတွက် မြစ်ရိုးတစ်လျှောက် ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ငါးယံဇာတထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်လျက်ရှိသည်။

အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲ များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)