ဆင်ပေါင်ဝဲ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေး ရောဂါတွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က မြို့ပေါ်ရပ်ကွက်များနှင့် သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ကလေးငယ်၏နေအိမ်နှင့် အိမ်ပတ်လည် ကိုက်တစ်ရာအတွင်းရှိ နေအိမ်များတွင် သိုလှောင်ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများအား ဖုံးအုပ်ပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လန်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းများကို တစ်လမ်းဝင် တစ်လမ်းထွက် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)