မောင်တော ဇွန် ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ကိုယ်ထူကိုယ်ထ ပညာရောင်ခြည်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ရွာသာယာကျေးရွာအတွင်း ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ငြိမ်းအေးရိပ်မြုံဓမ္မရိပ်သာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘုရားကြီးက ဩဝါဒစကား ချီးမြှင့်ရာတွင် ပညာရှိနှင့် ပညာမဲ့သူများ၏ ကွာခြားမှုများ၊ ပညာတတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူမျိုးတစ်မျိုးအတွက် ပညာရေးသည် အရေးကြီးပါကြောင်း၊ ယခုလို ရွာသူ၊ ရွာသား၊ လူငယ်၊ လူရွယ်များ အားတက်သရော စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသဖြင့် ကျေးရွာအတွင်း စာကြည့်တိုက်တစ်ခုတည်ရှိလာသဖြင့် အလွန်ပင် ဝမ်းသာမိကြောင်းပြောကြားခဲ့ပြီး ပညာရောင်ခြည် စာကြည့်တိုက် ဥက္ကဋ္ဌ ဦးသန်းအောင်က စာကြည့်တိုက် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် စာကြည့်တိုက်အား ၂၀၂၁ ခုနှစ်မှစ၍ ယာယီစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စာကြည့်တိုက် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော လူသားမျိုးနွယ်အားလုံး စာပေဗဟုသုတ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဒေသအတွင်း ကလေးသူငယ်များအားလုံး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကလေးပျော်စာကြည့်တိုက်ဖြစ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့် လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်အတွင်း အဖွဲ့ဝင် ၅၃ ဦးခန့်ရှိကြောင်း၊ ယခုအခါ စာအုပ်၂၀၀၀ ခန့်ဖြင့် စာအုပ်များငှါးရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်အဖွဲ့ဝင်များအနေဖြင့် မိမိတို့ ရွာအတွင်း ရပ်ရွာသန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နာရေးကိစ္စရပ် များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပညာရောင်ခြည် စာကြည့်တိုက် အတွင်းရေးမှူး ဦးအောင်ဇော်မှ စာကြည့်တိုက်ဖွင့်လှစ်ရတဲ့ အကျိုးကျေးဇူးများ၊ စာအုပ်စာပေများအား လေ့လာမှတ်သားသင်ယူကြစေလိုကြောင်းနှင့် ဘဏ္ဍရေးအခြေအနေများ၊ ဘဏ္ဍရေးလိုအပ်ချက်အား ရှင်းလင်းပြောကြားပြီး ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးဘလှိုင်နှင့် ရေတံခွန် ရွေ့လျားစာကြည့်တိုက်မှ ဒေါ်မသန္တာကျော်ဇောတို့မှ အကြုံပြုစကားများ ပြောကြားခဲ့ကြသည်။ ယင်းနောက် ပညာရောင်ခြည်စာကြည့်တိုက် ပြန်ကြားရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားပြီး အသင်းသူလေးများက ရခိုင်ရိုးရာယဉ်ကျေးမှု ယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါ စာကြည့်တိုက်မှ စာအုပ်လာရောက် ငှါးရမ်းချင်သူများအနေဖြင့် အပတ်စဉ် အင်္ဂါနှင့် ဗုဒ္ဓဟူး နေ့များတွင် စာကြည့်တိုက် ပိတ်ရက်များအဖြစ် သတ်မှတ်ထားပြီး ကျန်ရှိရက်များတွင် နံနက် ၁၀ နာရီမှ ၄ နာရီအချိန် လာရောက်ငှါးရမ်းနိုင်ကြောင်းသိရသည်။
သက်လွင်စိုး