လွိုင်ကော် ဇွန် ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူနေသော လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ ဝန်ထမ်းသားသမီး၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ကျော် က နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကကျသော အရင်းအမြစ်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ စဉ်ဆက်မပြတ် ပညာသင်ယူခွင့် ရရှိစေရေးအတွက် ပညာသင်စရိတ်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏ အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေသော ပညာရေးကဏ္ဍကို မိဘများမှ ပူးပေါင်းပါဝင်ကာ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်မှ မူလတန်းအဆင့်ထိ ပညာသင်ကြားနေသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)