ပန်းတနော် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မွန်းလွဲ ၁ နာရီက တောင်သူလယ်သမားများအား အဆိုပါ ဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့တွင် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စုနှင့် ထိန်ကုလားကုန်း ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၈၆ ဦးတို့၏ စပါးစိုက်ဧက ၅၈၁ အတွက် ချေးငွေကျပ် ၈၇၁၅၀၀၀၀ ကို တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးလျှင် တစ်ဧကကျပ် ၁၅၀၀၀၀ ထုတ်ချေးပေး၍ အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်းကို ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးမှုအစီအစဉ်အနေဖြင့် ယခင်နှစ် ချေးငွေများအချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)