ဇီးကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ဇီးကုန်း ဇွန် ၉

နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ပပဝင်းတို့က ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၄)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၆၀၀)ဦးအတွက် တစ်ဦးလျှင်(၃၀,၀၀၀)ကျပ်နှုန်းဖြင့် (၁၈,၀၀၀,၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခုထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၃၀,၀၀၀)ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အိမ်တိုင်ယာရောက် ဆက်လက်ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)