ချောင်းဦး ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက မွေးကင်းစမှ အသက်၁နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့တွင် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာကျော်နိုင်နှင့် မြို့နယ်ပြည်သူ့ဆေးရုံ သူနာပြုဆရာမများမှ ကလေးငယ်များ ပုံမှန်ထိုးနှံပေး နေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက် ဂျိုက်သိုး၊ ငါးမျိုးစပ် ကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက ကလေးငယ် ၃၇၉ ဦး ထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ၈၄ ဦးကို စမ်းသပ်စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ချောင်းဦးမြို့တွင် မွေးကင်းစမှ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ထိုးနှံပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ယခုအခါ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လစဉ် လဆန်း ၇ ရက်နေ့တိုင်း ထိုးနှံပေးနေကြောင်း၊ မွေးကင်းစမှ ၁ နှစ်ခွဲ အထိဆိုသော်လည်း ၅ နှစ်သားအထိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်နိုင် ပြောကြားချက်အရ သိရသည်။
ဝင်းမြင့်အောင် (ပြန်ဆက်)