နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ် ချေးငွေများ စထုတ်ချေးပေး

နတ်တလင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန် ၇ ရက်နေ့က မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သန်းသန်းကြူမှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒမငယ်ကျေးရွာအုပ်စုမှ တောင်သူ (၁၃၂)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ဧက(၇၈၁)ဧကအတွက် ကျပ်တစ်ထောင်တစ်ရာခုနှစ်ဆယ့်တစ်သိန်းငါးသောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ခုနှစ်မေလမှ စက်တင်ဘာလကုန်အထိ ကာလသတ်မှတ်၍ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးငွေချေးရန် လျာထားငွေကျပ်သန်း (၇၂၆၁.၅) လျာထားကြောင်း မြို့နယ်မန်နေဂျာ‌ ဒေါ်သန်းသန်းကြူထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)