ပန်းတောင်းမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပန်းတောင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က ညောင်ခြေထောက် အခြေခံပညာ အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီ၍ မိဘအုပ်ထိန်းသူ သဘောတူညီသော ကျောင်းသား၊ ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ပန်းတောင်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသားကျောင်းသူများအား ဇွန်လ(၂)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအရောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လိုက်လံထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သင်းသင်းအေး