စလင်း ဇွန် ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆေးရောင်းချသည့် စျေးဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားမှုဖြင့် Bella Plus Plaster များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းဆောင်ရွက်စစ်ဆေးခြင်းများကို ယနေ့ နံနက် ၁၁ နာရီချိန်က စလင်းမြို့ပေါရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စလင်းမြို့စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီး အရာရှိ ဦးဆန်းလင်းမောင် ဦးဆောင်ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် စျေးကွက်အတွင်းရောင်းချလျှက်ရှိသည့် Bella Plus Plaster များအား ဥပဒေနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် Bella Plus Plaster သည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Lmport Registration NO. (IR) များ ဖော်ပြထားခြင်းမရှိသောကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ တင်သွင်း ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများ ကြုံတွေ့နေရကြောင်း TOP. PRIME TRADING CO. LTD. မှတင်ပြလာရာ အဆိုပါစျေးကွက်အတွင်းရှိ Bella Plus Plaster များအား ဥပဒေနှင့်အညီ စီစစ်အရေးယူဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မရောင်းချကြရန် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က ဆေးရောင်းချကြသည့် စျေးဆိုင်ပိုင်ရှင်များနှင့် ဆေးရောင်းချသည့် ဝန်ထမ်းများအား မှာကြားခဲ့သည်။ ရောင်းချခြင်းများတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်ထံမှ သိရှိရသည်။
မောင်လွင်(စလင်း)