ကျောက်ဖြူမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့ တက်ရောက်စိုက်ပျိုး

ကျောက်ဖြူ ဇွန် ၇

၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာ၊ ကံ့ကော်တောဘုရားအနီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ စိုက်ပျိုးရန် ပျိုးပင်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့သို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့သို့လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ခရိုင်အမျိုးသမီး ရေးရာအဖွဲ့သို့လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့သို့လည်းကောင်း၊ ပြည်နယ်လူမှုဝန်ကြီးက ကံ့ကော်တောဘုရားဂေါပက အဖွဲ့သို့ လည်းကောင်း ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကျွန်း၊ ပျဉ်းကတိုး၊ ပင်လယ်ကဗွီးပင် များကို သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တပျော်တပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်းနက်၊ ကံ့ကော်၊ စိန်းပန်း၊ ပင်လယ်ကဗွီး၊ မယ်ဇလီနှင့်မန်ဂျန်ရှားစသည့် ပျိုးပင်ပေါင်း ၆၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူဘုရားအား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြကာ ဘုရားကြီးအား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း