မောင်တော ဇွန် ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းက ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာသင်ယူမှတ်သားကြစေလိုကြောင်း၊ လူတိုင်းနေ့စဉ် အစာအဟာရများကို စားသုံးကြသည့်အတွက် အစားအသောက်ပြုလုပ်သည့် သင်တန်းများဖွင့်လှစ်ပေးခြင်းသည် အကျိုးရှိပါကြောင်း၊ သင်တန်းမှ ပို့ချသည့် ဘာသာရပ်များကို လေ့လာသင်ယူပြီးသည့်အခါ မိမိမိသားစု ကိုယ်ပိုင်ဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာထွန်းက သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းမှ ရရှိလာမည့် အကျိုး ကျေးဇူးများ သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို နည်းပြ ၂ ဦးမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား ယို၊ ဖျော်ရည်၊ ဆရပ်၊ ဂျယ်လီ၊ ကိတ်၊ ဝိုင် အမျိုးမျိုးပြုလုပ်ခြင်း နည်းစနစ်များကို စာတွေ့၊ လက်တွေ့ ၁၀ ရက်ကြာ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)