သန်လျင်မြို့နယ်၌ မိုဘိုင်းစနစ်ဖြင့်စာအုပ်များဌားရမ်းပေး

သန်လျင် ဇွန် ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)အနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်မြန်မာ့အာမခံလုပ်ငန်းသို့ ဝန်ထမ်းများကွင်းဆင်း၍ မိုဘိုင်းစနစ်ဖြင့် သုတ၊ ရသစာအုပ်များကို ဌားရမ်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ဌားရမ်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး(သန်လျင်)မှ ဦးစီးအရာရှိဒေါ်ဖြူသွယ်ထွန်းနှင့်ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် စာအုပ်ဌားရမ်းပေးခြင်းအား  ဆောင်ရွက်ပေးခဲ့ပြီး မနက်ဖြန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်လက်ဌားရမ်းပေးသွားမည်ဖြစ်သည်။

သန်လျင်မြို့နယ်တွင် ခရိုင်ပြည်သူ့စာကြည့်တိုက်အား မြို့သစ်အနောက်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးလမ်းတွင် ဖွင့်လှစ်ထားရှိပြီး အများပြည်သူသို့ စာအုပ်စာပေများ ဌားရမ်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဌာနဆိုင်ရာရုံးများအနေဖြင့် ခရိုင်ပြည်သူ့စာပြည့်တိုက်သို့ လာရောက်ရန်အချိန်မပေးနိုင်သဖြင့် ယခုကဲ့သို့မိုဘိုင်းစနစ်ဖြင့် လာရောက်ဌားရမ်းပေးခြင်းအတွက် အသိပညာဗဟုသုတများရရှိသဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ကျေးဇူးတင်ရှိကြောင်း ခရိုင်မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံဒေါ်စံပယ်က ပြောကြားသည်။

ခရိုင် (ပြန်/ဆက်)