ငါးသိုင်းချောင်းမြို့ရှိ မူလတန်းကျောင်းများ၌ မူးယစ်ဆေးဝါးအလွဲသုံးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန် ၇

(၂၀၂၂)ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့်(၃၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က၊ ရေတံခွန်ကျောင်းနှင့် (အ-မ-က)ဆိတ်ချေးကုန်းကျောင်းတို့၌ ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ-မ-က၊ ရေတံခွန်ကျောင်း၌ ဟောပြောပွဲကျင်းပခဲ့ရာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နှင်းယုဝေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အထိမ်းအမှတ်နေ့နှင့်ပတ်သက်၍ ပြိုင်ပွဲများ ပြုလုပ်ကျင်းပမည့် အစီအစဉ်များကို ပြောကြားခဲ့ပြီး ရုပ်သံ-ကျွမ်းကျင်(၃) ဦးခင်မောင်မြင့်က မူးယစ်ဆေးဝါးအလွဲသုံးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာ အဆိုပါကျောင်းရှိ (Grade-4) နှင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့သစ်ရပ်ကွက်၊ ဆိတ်ချေးကုန်း(အ-မ-က)ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းရှိ Grade-4 နှင့် Grade -5 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုံညီစွာ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါးအလွဲသုံးမှုတားဆီးကာကွယ်ရေးနှင့် ပါတ်သက်သည့် အထိမ်းအမှတ် ပုံပြောပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)