အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောက်ရွက်

အုတ်ဖို ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က မကျီးပင်ကျေးရွာအုပ်စု၊ ကြို့ကုန်း ကျေးရွာသို့ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူလာရောက် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဆွေးနွေး စေလိုကြောင်းပြောကြားပြီး   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက မြေဆီလွှာဖွံဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ အတန်းတူလယ်ယာစနစ်နေကြာ သီးညှပ်စိုက်ပျိုးရေး အကြောင်းတို့အားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အယ်လစ်စဘတ်ဝင်းရှိန်က  သဘာဝမြေဩဇာများ ရရှိရန်ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင်မွေးမြူဖို့ လိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာလိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောပြီး၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လယ်ယာမြေအဆင့်မြှင့်တင်ရေး၊ လယ်ယာသုံး စက်ကရိယာများ ထုတ်ယူအသုံးပြုမှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးအသိပညာပေး  ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း တစ်လလျှင် ကျေးရွာ (၁၀) ရွာအထိ အသိပညာပေးဟောပြော လျက်ရှိကြောင်း သိရ သည်။

အောင်သူ(အုတ်ဖို)