နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် ဒေသတိုင်းရင်းဟင်းစားကြက်မွေးမြူရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

နမ္မတူ ဇွန် ၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် ဒေသတိုင်းရင်း ဟင်းစားကြက်မွေးမြူရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက Online စနစ်ဖြင့် ဒေသတိုင်းရင်း ဟင်းစားကြက်မွေးမြူ‌ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်က ဌာနမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များ၊ ထင်ရှားသောတိုင်းရင်းကြက်မျိုးများ၊ တိုင်းရင်ကြက်လက္ခဏာကောင်းများ၊ တိုင်းရင်းကြက် အောင်မြင်အောင်မွေးမြူရန် နည်းစနစ်များ၊ တိုင်းရင်းကြက် ကျန်းမာရေးနှင့် ကာကွယ်ဆေးများ စသည့်အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)