ကျေးရွာတောင်သူများ အကျိုးရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အသိပညာပေးဆွေးနွေး

ဖြူး ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်ပတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကဏ္ဍများတွင် အကျိုးရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက်(၉)နာရီ က ကျောက်တိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးရာတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်က ကျေးရွာတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် လိုအပ်ချက်များအား ဆွေးနွေးကြစေရန်နှင့် မိုးစပါးအပြီး ဆောင်းသီးနှံများ စိုက်ပျိုးရာတွင်လည်းကောင်း နွေစပါးများ စိုက်ပျိုးရာတွင်လည်းကောင်း ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားနိုင်‌ရေး ဆွေးနွေးသည်။ ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးနည်းစနစ်များအကြောင်း၊ ဖြူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသကြက်မွေးမြူရေးနှင့် ကျွဲ၊ နွားများတွင်  ဖြစ်ပွားနိုင်သည့် ရောဂါများနှင့် ကြိုတင် ကာကွယ်နိုင်ရေးအကြောင်း၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသအတွင်း သောက်သုံးရေ ရရှိရေးနှင့်လမ်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ ဖြူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများချေးနိုင်သည့် အခြေအနေနှင့် ဖြူးမြို့နယ်သမဝါယမ ဦးစီးဌာနမှ သမချေးငွေများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော သစ်ပတ်ကျေးရွာအုပ်စုအတွင်းရှိ ကျောက်တိုင်ကျေးရွာ အပါအဝင် ကျေးရွာ(၁၀)ရွာမှ တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ချေးငွေများနှင့် ပတ်သက်၍ သိရှိလိုသည်များအား  တင်ပြရာ တာဝန်ရှိသူများက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)