မြို့သစ်မြို့နယ်၌ နွေစပါးများ စိုက်ပျိုးအောင်မြင်ကာ ရိတ်သိမ်းတော့မည်

မြို့သစ် ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေစပါးဧကခြောက်ထောင်ကျော် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နတ်မောက်ဆည် လက်ယာမြောင်း၊ လက်ဝဲမြောင်း၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်နှင့် ဘုတ်ချောင်းဆည်တို့မှ ရရှိသောစိုက်ပျိုးရေဖြင့် နွေစပါးဧက ခြောက်ထောင်ကျော်တို့မှ စပါးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နွေစပါးများ စတင်ရိတ်သိမ်းတော့မည် ဖြစ်သည်။

တောင်သူဦးကြီးများအနေဖြင့် နွေစပါးရိတ်သိမ်းပြီးပါက မိုးစပါးစိုက်ပျိုးရန်  ပြင်ဆင်နေပြီဖြစ်ပြီး စိုက်ပျိုးမည့် စပါးမျိုးများကိုလည်း အဆင်သင့်ပြုလုပ်နေပြီးဖြစ်သည်။ နွေစပါးအဖြစ် ရတနာတိုးစပါး၊ ရက်ကိုးဆယ်စပါး၊ ဆင်းသုခစပါး၊ GW-11 စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး နွေစပါးစိုက်တောင်သူများ တစ်ဧကတင်း ၁၀၀ ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ကိုဇော်( ပြန်/ ဆက်)