ပေါက်ခေါင်း ဇွန် ၆
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ် ရက်ရှည်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံကို သိရှိနားလည်တတ်မြောက်ထားရန်၊ အင်္ဂလိပ်စာ သင်ယူလိုက်ခြင်းဖြင့် ကိုယ်ပိုင်အတွေးအခေါ်များ ထက်သန်လာစေရန်နှင့် ကိုယ်တိုင်ရေးသား လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအင်္ဂလိပ်စာအခြေခံ (Four Skills) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်တို့က သင်တန်းဆင်းအမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ကြသည်။
အဆိုပါအင်္ဂလိပ်စာ အခြေခံသင်တန်းကို ဧပြီလ ၂၆ ရက်မှ မေလ ၃၁ ရက်နေ့အထိ Grade-5 မှ Grade-11 အထိ သင်တန်းသား၊ သင်တန်းသူ ၅၄ ဦးကို အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်