နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နတ်မောက် ဇွန်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏လုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်  လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိလာစေရေး  စည်းရုံးဆောင်ရွက်ရန်၊ အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အထောက်အကူပြု ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ အသုံးပြုနိုင်စေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ စာဖတ်၊ စာငှားသူဦးရေ တိုးပွားရေး စာဖတ်ဝိုင်းများ ဆောင်ရွက်ရန်၊ လူငယ်များအသိပညာ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဘာသာစကားသင်တန်းများ၊ ကွန်ပျူတာအခြေခံသင်တန်းများ လက်မှုပညာသင်တန်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က သင်တန်းများဖွင့်လှစ်နေမှု၊ စာဖတ်၊ စာငှားသူတိုးပွားအောင် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့ဝင်များက အကြံပြု ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ပရဟိတ အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း