အင်္ဂပူ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ် အကြမ်းဖက်မှုနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အင်္ဂပူမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေဇင်ရတနာက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးအလုပ်သမားဆိုင်ရာအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
“အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးသူငယ်ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာ ခိုင်းစေခြင်းခံရခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်လုပ်ငန်းများတွင် ကလေးသူငယ်များကို ခိုင်းစေခြင်း၊ ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းများတွင် ခိုင်းစေခြင်း၊ ညပိုင်းအချိန်များတွင် ခိုင်းစေခြင်းအစရှိသည့် ခိုင်းစေခြင်းများကို ယေဘုယျအားဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည်ဟု သတ်မှတ်ကြောင်း” မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရွှေဇင်ရတနာ ပြောကြားချက်အရသိရသည်။
မန်းကျော်-အင်္ဂပူ