တောင်တွင်းကြီး ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီက ရေဦးအုပ်စု၊ ကြီးအောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးလှသောင်းတို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချခဲ့သော အခြေခံအပ်ချုပ်စက်နည်းပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဆက်လက်ဖွင့်လှစ်သွားမည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများထံသို့ သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရေဦးကျေးရွာ၊ ကြီးအောင်းကျေးရွာ၊ ကျွဲဖြူကန်ကျေးရွာတို့မှ သင်တန်းသူ (၃၀) ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းတွင် အခြေခံအပ်ချုပ်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာအမျိုးမျိုးကို ကျွမ်းကျင်ဆရာမ (၂) ဦးက စာတွေ့၊ လက်တွေ့နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံမှ သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)