ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကြို့ပင်ကောက် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာအောင်သင်းရေးသားသော ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်ဝင်းလေးက စာရေးဆရာ အောင်သင်း ရေးသားသော  ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်သည် ယနေ့ခေတ်လူငယ်များ ရည်မှန်းချက်အတွက် ဆောင်ရွက်နေကြသော လုပ်ငန်းတိုင်းတွင် ကြုံတွေလာနိုင်သော ပြဿနာများကို အမေးအဖြေကဏ္ဍဖြင့် စိတ်ဝင်စားဖွယ်   အသိပညာဗဟုသုတများကို ထင်ရှားပေါ်လွင်အောင် ဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်သူများအဖွဲ့မှလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်ရှိ လူငယ်လူရွယ်များ စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာကြစေရန်၊ စာအုပ်စာစောင်များမှပေးသော အသိပညာဗဟုသုတများကိုရယူပြီး မိမိတို့လက်တွေ့ဘဝတွင် ကျင့်သုံးဆောင်ရွက်နိုင်ကြစေရန်၊ စာပေဖတ်ရှုသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) လူထုအခြေပြုဗဟိုဌာနတွင် တစ်လလျှင်တစ်ကြိမ် စာဖတ်ဝိုင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်ဝင်းလေးထံမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)