ဝေါ ဇွန် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်းညိုကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ညောင်ခါးရှည်ကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းငြိမ်းက ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးနှင့် ရာနှုန်းပြည့်ထိုးနှံရေး၊ စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်မိုးလွင်က ဆီထွက်သီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး၊ စပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ သဘာဝမြေဆွေးပြုလုပ်ခြင်း အကြောင်းတို့ကို ပညာပေးဆွေးနွေးပေးသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများက ပညာပေးဆွေးနွေးပေးသည်။ ယင်းနောက်တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ (အခမဲ့)ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး (ပြန်/ဆက်)